အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်
AA က တရားမဝင် ရောက်ရှိလာတု့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး အဲဒီထဲက ခုနစ်စီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျန်ရှိနေတဲ့ ငါးဖမ်းလှေ ရှစ်စီးကို လုံခြုံရေး အာမခံချက်ရှိတဲ့အချိန်မှာ လွှဲပြောင်းပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
AA ထိန်းချုပ်ထားတဲ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ငါးဖမ်းရင် အပြစ်ပေးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ အစီး ၆၀ ခန့်ကို AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက တွေ့ရှိပြီး ငါးဖမ်းလှေ ၁၅ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။
ထပ်မံပြီး မြန်မာ့ရေပိုင်နက်ထဲမှာ လာရောက်ကျူးကျော် ငါးဖမ်းဆီးမှုတွေ မပြုလုပ်ဖို့လည်း ခံဝန်ကတိများ ရယူထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ မြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေစဉ် ရခိုင်နယ်စပ်ဒေသအတွင်း လုံခြုံရေးတွေကိုလည်း တိုးမြှင့်ဖော်ဆောင်လျက်ရှိတာပါ။