ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နဲ့ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၄ တို့ ပူးပေါင်းကာ နေအိမ်မှာ သွားရောက်ရှင်းလင်းခဲ့ပြီး ဦးခေါင်းနဲ့ ဂျိုင်းအောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ စစ်မှုထမ်းဥပဒေကို အသုံးချကာ ပုတီးကုန်းမြို့အတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ပေါင်းပြီး သပြေလှအုပ်စုထဲက ပြည်သူတွေကို ငွေညှစ်နေတာတွေ၊ ပုတီးကုန်းရဲစခန်းအတွက် နှစ်လုံး သုံးလုံး ဒိုင်တွေ၊ အရက်ပုန်းရောင်းသူတွေဆီက ငွေကောက်ခံပေးတာတွေ လုပ်ဆောင်ပေးနေတာကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“သူက ကျေးရွာထဲမှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ စစ်တပ်ရဲ့ထောက်တိုင်ပါ။ သူရဲ့အလောင်းကိုတောင် စစ်အုပ်စုဝင်တွေကပဲ သယ်ယူသွားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ပုံစာ – PPDF 3601 ရဲဘော်တချို့ (ပုံဟောင်း)
