နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းကြောင်းပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အဓိက အင်အားဖြည့်နေပြီး နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ လွိုင်ကော်ကနေ ဘောလခဲ – ဖားဆောင်းလမ်းကြောင်းကနေ ပြန်လည်စစ်ကြောင်းထိုး အင်အားဖြည့်မယ့်သဘောကို တွေ့ရှိရကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။
မာဝီက “စုပေါင်းကူညီ ထောက်ပို့ကျည်” ကမ်ပိန်းအစီအစဉ်မှာ စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းလာမှု အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာပါ။
ကရင်နီပူးပေါင်းတပ်တွေဟာ ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ ၇မြို့နဲ့ စစ်ကောင်စီတပ် စခန်းကုန်း ရာဂဏန်းဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းကရင်နီ နယ်စပ် ဖယ်ခုံအနီးမှာလည်း နေ့စဉ် တိုက်ပွဲတွေပြင်းထန်လျက် ရှိနေပါတယ်။
လက်ရှိ ကရင်နီနဲ့ ရှမ်းတောင် စစ်မျက်နှာပြင်မှာ အဓိကလှုပ်ရှားနေတဲ့ မြေပြင်တပ်ရင်းနှစ်ရင်းဖြစ်တဲ့ KNDF B-03နဲ့ မိုးဗြဲ MB PDF(1001) တို့အတွက် ခဲယမ်းလိုအပ်ချက်တွေ ရှိနေတာကြောင့် ပြည်သူတွေ ပူးပေါင်းပါ၀င်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။