မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သားဟာ ၃၄၃ ခြေမြန်တပ်ရင်းက ဖြစ်ပြီး အရပ်ဝတ်နဲ့ သတင်းထောက်လှမ်းနေချိန်မှာ ဖမ်းမိတာလို့ သိရပါတယ်။
“ကျနော်တို့ ဖမ်းဆီးရမိတာက အာယုတောင်မရောက်ခင် ၃၄၃ တပ်အနီးက ရော်ဘာခြံထဲမှာပါ။ သူကတော့ အဲဒီနယ်အနီးတဝိုက်မှာ သတင်းပေးလုပ်နေတာပေါ့။ ကျနော်တို့ သတင်းအချက်အလက်အရ သွားရောက်ဖမ်းဆီးခဲ့တာပါ။ သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ပြန်လည်ခုခံတာမျိုးတော့ညမရှိဘူး။ ဒီနယ်မြေထဲမှာတော့ သတင်းလိုက်ရပြီး ဗျူအဖွဲ့တွေကို သတင်းပေးပို့ခဲ့တာတော့ ရှိတယ်။ ၃၄၃တပ်ကိုသတင်းပေးပို့တာတွေတော့ ရှိတယ်” လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ဖမ်းမိထားတဲ့ စစ်သားကို သူကျူးလွန်ထားတဲ့ ပြစ်မှုအတိုင်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်လို့ ပြစ်ဒဏ်ကတော့ ကြီးမားမယ်လို့ သိရပါတယ်။
“ပြည်သူလူထုကိုပြောချင်တာက စိတ်ဓာတ်မကျဖို့။ ကျနော်တို့အနေနဲ့ မြင်လာရတာကတော့ သွေးအေးသွားတဲ့အမြင်မျိုး တွေ့နေရတယ်။ စကစရဲ့ လက်အောက်မှာ ကျေးကျွန်အဖြစ်နဲ့မနေကြဖို့။ သူတို့နိုင်ရင် အရင်လုပ်နေကျအတိုင်း လေယာဥ်နဲ့ ဗုံးကြဲတာ။ ပြည်သူလူထုက အကြောက်တရားတွေဝင်ပြီး စစ်မဖြစ်ရင်ရပြီ ဆိုတဲ့အတွေးအခေါ် ဝင်လာကြတယ်။ အမှန်တကယ်တော့ မှားတယ်ဗျ။ ကျနော်တို့ကို အကြောက်တရား မှိုင်းထည့်ပေးပြီးတော့ နောင်လာမယ့် မျိုးဆက်သစ်တွေကို နိုင်ထက်စီးနင်းပြုလုပ်နေတာဖြစ်တယ်” လို့ ရေးဘီးလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောခဲ့ပါတယ်။