စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၄ရက်၊ ညနေပိုင်းက ကလေးမြို့နယ်၊ ဇင်းကလင်းရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက မြို့ကြီးကုန်းရွာကို ဒရုန်းနဲ့ ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ရာ လင်မယား၂ယောက်ထိမှန်ခဲ့ပြီး မိန်းမဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စံသာရွာနေ ကလေးငယ် ၁ယောက်ပါ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဇင်းကလင်းက စကစခြေကုပ်တပ်စွဲထားတဲ့ရွာပါ။ ကလေးနည်းပညာတက္ကသိုလ်နားမှာရှိတယ်။ နေ့စဥ်နဲ့အမျှ အနီးအနားက ရွာတွေဆီ တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတာပါ။ ထိုမာ ရွာဆိုရင် လက်နက်ကြီးပစ်လိုက် ဒရုန်းဗုံးချလိုက် တစ်နေ့မှ မပြတ်ဘူး။ တော်လှန်ရေးတပ်တွေနဲ့လည်း အဲ့အနီးတဝိုက် ထိတွေ့မှုတွေရှိပါတယ်။” လို့ ဒေသခံ တစ်ယောက်က မောင်းကိုပြောပါတယ်။
ကလေးနည်းပညာတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို အဲ့ဒီနေ့ (နိုဝင်ဘာ ၁၄ရက်) မနက်ပိုင်းမှာ ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တွေက ဒရုန်းတွေနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ရက်နေ့ကလည်း ကလေးမြို့ထဲကနေ ကွန်ပျူတာတက္ကသိုလ်ဘက် ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားတစ်စီးကို ကလေးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရင်း တပ်ကူလာတဲ့ စစ်အုပ်စုတွေနဲ့ပါ ထိတွေ့မှု ဖြစ်ပွါးခဲ့ပါသေးတယ်။