ရန်ကုန်မြို့ သုသာန်တစ်ခုမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို လိုက်ကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ဖို့ လူထုရဲ့ ပါဝင်အားက အရေးကြီးကြောင်း တိုက်တွန်းနှိုးဆော်တာဖြစ်တယ်လို့ သိရပါတယ်။
“ပြည်နယ်နဲ့တိုင်းတွေမှာ နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်နေတဲ့ ဖက်ဆစ်စစ်တပ်ကြီးကို ပြည်သူလူထုအားနဲ့ ပြည်သူလူထုကသာ ရှင်းလင်းအမြစ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အခုအခါမှာ တော်လှန်ရေးကို မှေးမှိန်စေမယ့် ဖက်ဆစ်စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ရှားပြီး တော်လှန်ရေးရဲ့အဆုံး နိဂုံးဖြစ်တဲ့ရောင်နီကို မျက်နှာမူကာ အတူတကွ ပူးပေါင်းတော်လှန်ပေးကြဖို့ စစ်ခွေးတပ်ကုန် မြို့ရန်ကုန် ကမ်ပိန်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒါဘာရယ်က မောင်းကိုပြောပါတယ်။
ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့အတူ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဖြစ်တဲ့ KyimyindaingNetworks-KMD-18 ၊ MayangoneDemocraticFront-MDF ၊ LynnYoungNiOrganization-LYNO ၊ OwlCommunity တို့က ရဲဘော်တွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။
မြို့ပြတော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တန်ဆောင်တိုင် မဟာဘုံကထိန် ပွဲတော်အတွင်း ပြည်သူတွေ ကျန်းမာစွာနဲ့ ဘေးကင်းလုံခြုံကြစေဖို့လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
အုတ်ဂူတွေမှာ အကြမ်းဖက်စစ်တပ် ဘက်တံဆိပ်တွေ လိုက်ကပ်နေပုံ (ဓာတ်ပုံ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း)