ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၁၄ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ ရွာငံမြို့တောင်ဘက်၊ မြို့အဝင် ဘီးခွန်ဂိတ်ထဲရှိနေတဲ့ မူးယစ်လှုပ်ရှားရဲနဲ့ နယ်မြေခံရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဲဲ့ဒီပစ်ခတ်တိုက်ခိုက်မှုထဲ ဖြတ်သွားဖြတ်လာ ကားတွေ၊ ဆိုင်ကယ်တွေဆီက ငွေညှစ်နေတဲ့ မူးယစ်ရဲအရာရှိနဲ့ ရဲ ၅ယောက် နေရာတင်သေဆုံးခဲ့ကြောင်းသိရပါတယ်။
“အဲ့ဂိတ်က ဖြတ်လာတဲ့ကားတွေ၊ ဆိုင်ကယ်တွေကို လူအခြေအနေကြည့်ပြီး ငွေညှစ်တဲ့နေရာမှာ နာမည်ကြီးတဲ့ဂိတ်ပါ။ ပစ်ကွင်းမိသွားတာလည်း ပါတာပေါ့” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ချိန်တည်းမှာပဲ မူးယစ်ရုံးနဲ့ စျေးတန်းရပ်ကွက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က အကြမ်းဖက်စစ်အုပ်စုတွေကိုလည်း တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
“နေ့ခင်းကြောင်တောင်ဆိုတော့ အငိုက်မိကြတာ အတုန်းအရုန်းပဲ။ စစ်သားတွေက ဂိတ်ရဲ့ဘေးက အိမ်တွေမှာ ကင်းပုန်းဝပ်နေကြတာ။ ဒါပေမယ့် အဲ့စစ်သားတွေ ပြန်ပစ်လို့လည်း မြို့ထဲ တိုက်ပွဲပုံစံလို ဖြစ်သွားတာပါ။ ထိတဲ့စခတွေကို ရွာငံပြည်သူ့ဆေးရုံနဲ့ အောင်ပန်းကုတင် ၇၀၀ စစ်ဆေးရုံတွေပေါ်ကိုအရေးပေါ် သယ်သွားကြတယ်။ အဲ့ဒါ ဆေးရုံတွေပေါ်ရောက်တော့ စစ်သား ၆ယောက်နဲ့ ဘဏ်စောင့်တဲ့ ရဲ၁ယောက်ထပ်သေပါတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
ဒီလိုမျိုး ပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးခဲ့တဲ့ စစ်အုပ်စုအရေတွက်ကို စစ်ကောင်စီက လိုတိုးပိုလျှော့ ဖုံးဖိထားပြီး မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေကိုလည်း အဲ့ဒီနေ့ ညပိုင်းမှာ မြို့နယ်ထွေအုပ်ရုံးထဲ ခေါ်ယူစစ်ဆေးခဲ့ကြောင်းနဲ့ လက်ကိုင်ဖုန်းတွေသိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် မန္တလေးဘက်ကနေ တောင်ကြီးအထိတက်လာတဲ့ ခရီးသွားကားတွေကိုလည်း ညနေပိုင်းအထိ လမ်းပိတ်စစ်ဆေးခဲ့ပြီး ခရီးသွားတချို့ဖမ်းဆီးစစ်ဆေးခံရကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
နိုဝင်ဘာ ၁၅ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း အောင်ပန်းကနေ စစ်ကူလာတဲ့ ကားတွေအပါအဝင် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ရှိနေပြီး ရွာငံ-ပင်းတယ လမ်းခွဲတောင်ခြေမှာ ဟန်ပြင်နေကြောင်း သိရပါတယ်။