စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၁၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းမူမြို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားအယောက် ၂၀နီးပါးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် အထိုင်စခန်းအထိ ဝင်ရောက်စီးနင်းဖို့ကြိုးစားခဲ့ပေမယ့် မြေပြင်အနေအထားကြောင့် မအောင်မြင်ခဲ့ဘူးလို့ Moe Nyo Revolution Force (M.N.R.F) အဖွဲ့က ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီဘက်က အမြင့်ပိုင်းနေရာကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်နေသလို မြင်းမူမြို့ထဲ တပ်စွဲထားတဲ့ စစ်တပ်သံပြားကာ ကားတွေ စစ်ကူရောက်လာတာကြောင့် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
“သူတို့တပ်စွဲနေတဲ့ အဆောက်ဦးက လေးထပ်အဆောင်ဗျ။ အာဏာသိမ်းပြီးတည်းက ဝင်နေနေတာပေါ့။ အဲ့တော့အမြင့်ကနေလည်း ပစ်ကြတယ်။ နောက်ပြီး သူတို့ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေဘက်ကို လက်နက်ကြီးတွေထုတယ်။ အဲ့ဒါ မြို့ထဲက ပြည်သူ ၃ယောက် ဒဏ်ရာရပါတယ်။ အဓိကကတော့ ကျနော်တို့ဘက်က လက်နက်မပြည့်စုံတာလည်း ပါပါတယ်။ အဲ့ဒါကြောင့်မသိမ်းနိုင်ခဲ့တာပါ။ ကျနော်တို့က ထောက်ပံ့ခံရတာ အားနည်းတာလည်း ပါပါတယ်” လို့ Moe Nyo Revolution Force (M.N.R.F )အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုကို Moe Nyo Revolution (M.N.R.F )အဖွဲ့နဲ့အတူ Dog Killers People’s Defence Force (DK-PDF MMU) ၊ မြင်းမူမြို့နယ် ပကဖ ၊ ဇေယျာရွှေမြေ၊ မြင်းမူမြို့နယ်အနောက်ခြမ်းပကဖ ၊ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။