စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
လက်ရှိမှာ ပုလဲမြို့ပေါ်မှာ BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ခုခံနေရပြီး အရပ်သားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်နေ့ကစလို့ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံး စတဲ့နေရာတွေကို BNRA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။


အဲ့ဒီနေ့မှာပဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေ ၂ဝ ကို ပုလဲမြို့နယ်ထဲ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုလဲမြို့ပေါ်က လျှပ်စစ်ဝန်ထမ်းအိမ်ရာအပါအဝင် နေရာတချို့ကို စစ်ကောင်စီလေတပ်က ပေါင်၅၀၀ဗုံးတွေ ကြဲချခဲ့တဲ့အတွက် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်းဆိုသူနဲ့ Non CDM ထွေအုပ်စာရေးရဲ့ ဇနီးနဲ့သားတို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ရက်နေ့ မနက်ပိုင်းနဲ့ ဒီနေ့ နိုဝင်ဘာ ၁၄ရက်နေ့တွေမှာလည်း တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေ၊ Mi35 တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။


မြို့ထဲပိတ်မိနေတဲ့ အရပ်သား ၂၀၀ကျော်ကို ဘေးလွတ်ရာဆီ ကယ်ထုတ်ထားနိုင်ကြောင်းလည်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့ပေါ်အပါအဝင် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မန်ကျည်းခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း၊ ရိုးရွာစတဲ့ ကျေးရွာပေါင်း၁၂ရွာ၊ အိမ်ထောင်စု၂၁၂၀ စု က အရပ်သား ၉၅၃၉ယောက်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်အရေတွက် များပြားလွန်းတာကြောင့် အခြေခံစားနပ်ရိက္ခါနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကပြောပါတယ်။
လက်ရှိမှာ ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

