မန္တလေးတိုင်း၊ တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်လာပါတယ်။
သြဂုတ်လ ၁၇ ရက် မနက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က တွင်းငယ်စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ရာ ၉ နာရီအကြာ ညနေပိုင်းမှာတော့ တွင်းငယ်တပ်စခန်းက စစ်ကောင်စီတပ်သားတွေ တပ်ကို စွန့်ခွာထွက်ပြေးသွားတဲ့အတွက် တွင်းငယ်ကျေးရွာတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ တွင်းငယ်စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာ ၃ လနီးပါးရှိခဲ့ပြီဖြစ်ပြီး မိုးမိတ်- တွင်းငယ် လမ်းပိုင်းတစ်ခုလုံးကို TNLA ၊ PLA နဲ့ အခြားမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတယ်လို့ PLA က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တတက ၁၃ (အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း) ကိုလည်း တော်လှန်ရေးတပ်တွေ ဝိုင်းရံ ပိတ်ဆို့ထားတာ ၃ လနီးပါး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းက ခလရ ၁၄၈၊ ဖော့တောလမ်းဆုံတို့ကို TNLA ၊ PLA နဲ့ အခြားတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သလို သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ ၇ မိုင်နဲ့ ကျောက်ကြီးစခန်းတို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ PLA)