မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။
မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားဟာ သူတို့ တပ်စွဲထားတဲ့ ဆင်မင်းဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေကို လမ်းမှား ဝင်ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူ တစ်ယောက်တည်း ထွက်လာတုန်း ဖမ်းမိတာပါ။ သူတို့ ဂိတ်ကနေ နဲနဲဝေးဝေး ထွက်လာတုန်းပေါ့။ လမ်းမှားဆို ကျနော်တို့ ကင်းနဲ့ တွေ့တာပေါ့။ ရောက်တာလည်း မကြာသေးတော့ နယ်မြေ မကျွမ်းတာပေါ့” လို့ Young Force UG က တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီစစ်သားထံက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို Pakokku People Defense Force (PPDF) နဲ့ Young Force U.G တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သားကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။