စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
ငါးမင်းဆွေ (ခ) ဦးမင်းဆွေဟာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်ပြီး လှုံ့ဆော်ဝါဒဖြန့်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ကျိုက်ထိုရဲစခန်းမှူးက လာဖမ်းနေကြောင်း ဖမ်းဆီးခံရသူ ငါးမင်းဆွေက ဗီဒီယိုရိုက်ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာက တဆင့်ဖော်ပြခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးပြီး ရန်ကုန်မြို့ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
ငါးမင်းဆွေကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ သူ့ကို လာရောက်ဖမ်းဆီးခြင်းဖြစ်တယ်လို့ဆိုပေမယ့် စစ်ကောင်စီဘက်ကတော့ စွဲဆိုထားတဲ့ ပုဒ်မကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
စစ်တပ်ထောက်ခံသူအဖြစ် နာမည်ကြီးတဲ့ ငါးမင်းဆွေဟာ NLD အစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်သာမျက်နှာကနေ ရေးသားပုတ်ခတ်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
စစ်တပ် အမာခံ ထောက်ခံသူ ငါးမင်းဆွေဟာ မကြာခဏ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဝေဖန်လေ့ရှိပြီး မင်းအောင်လှိုင်ကိုလည်း မကြာခဏ သရော်လှောင်ပြောင်လေ့ရှိတဲ့သူ ဖြစ်ပါတယ်။
ငါးမင်းဆွေဟာ နအဖ အစိုးရလက်ထက်က ဝါဒဖြန့်သတင်းစာတွေမှာ စစ်တပ်အကြိုက် ဆောင်းပါးတွေ စဉ်ဆက်မပြတ်ရေးသားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားရေးအစွန်းရောက်တွေနဲ့ ပေါင်းပြီး စစ်တပ်ထောက်ခံတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး မင်းအောင်လှိုင်အနေနဲ့ PDF တွေနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ ဖမ်းဆီးမခံရခင် ရက်ပိုင်းအလိုမှာ ပြောကြားခဲ့ပါသေးတယ်။