မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မနေ့က နိုဝင်ဘာ ၉ရက် မနက်ပိုင်းကစလို့ ပွင့်ဖြူမြို့နယ်ထဲ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးအန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
“လက်ရှိတော့ စစ်ကြောင်းထိုးဖို့ အင်အားစုနေကြတုန်းပါ။ မဲဇလီ ရဲစခန်းမှာ အနီးနားပျူရွာတွေက ပျူတွေရော စကစတွေရော စုနေကြတယ်။ နောက်ပြီး စခန်းအနီး ကုန်းပေါ်ကနေ ရွာတွေဖက်ကို လက်နက်ကြီးနဲ့ပစ်နေတော့ လက်နက်ကြီးတွေ ရွာထဲကျပြီး ဒေသခံတွေ ရှောင်နေရပါတယ်။ မနေ့က ကျွဲခြံရွာဖက်ကိုပစ်တာ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒီမနက်လည်း လယ်မဖက်ကို ထပ်ပစ်ပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းအန္တရာယ်နဲ့အတူ စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ပုသိမ်-မုံရွာလမ်းပိုင်း ဝန်လိုရွာ၊ ခိုနန်းရွာ၊ သုံးမိုင်ပေါက် ၊ ငါးမိုင်ပေါက်လမ်းပိုင်းတွေ အသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ်တွေကလည်း အသိပေးထားပါသေးတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းတစ်လျှောက်က လယ်မ၊ ကျောက်ပုံ၊ ကျွဲခြံ၊ ခဲပစ်၊ ဝန်လို ၊ ခိုနန်း စတဲ့ ကျေးရွာတွေကို ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ပွင့်ဖြူနဲ့ စေတုတ္ထရာအစပ် ဝန်လိုကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက ဝန်လို၊ ခိုနန်း စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းဝင် ဖျက်ဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပွင့်ဖြူမြို့နယ်ထဲက လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေကိုလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ပေးထားကြောင်း သိရပါတယ်။