စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။
လူမှုကွန်ရက်က ပို့စ်တွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ် အစားထိုးကာ စစ်ခေါင်းဆောင်ကို သရော်လှောင်ပြောင်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ဦးမင်းဆွေ(ခ)ငါးမင်းဆွေက သူ့ကို စစ်ကောင်စီ လာရောက်ဖမ်းဆီးစဉ် ဆိုရှယ်မီဒီယာမှာ Live လွှင့်ပြီး ပြောကြားမှုတချို့လည်း ပြုလုပ်ခဲ့ပါသေးတယ်။
“ကျနော့်ကို ရန်ကုန်၊ လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ကျနော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။ အသေးစိတ်တော့ ကျနော် ဘာမှမသိဘူး။ အခုကျနော့်ကို လာခေါ်ပြီ။ လိုက်သွားရတော့မယ်။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော်နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်တာပါ” ဟု ငါးမင်းဆွေက Live က တဆင့် ပြောကြားခဲ့ပါတယ်။
စစ်တပ်ကို အမာခံ ထောက်ခံသူ ငါးမင်းဆွေဟာ မကြာခဏ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုဝေဖန်တာ ၊ထောက်ပြတာ ပြုလုပ်လေ့ရှိပြီး မင်းအောင်လှိုင်ကိုလည်း မကြာခဏ သရော်လှောင်ပြောင်လေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာလည်း NLD ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏ ဝေဖန်ပုတ်ခတ် ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။
ငါးမင်းဆွေဟာ နအဖ အစိုးရလက်ထက်က ဝါဒဖြန့် သတင်းစာတွေမှာ စစ်တပ်အကြိုက် ဆောင်းပါးတွေ စဉ်ဆက်မပြတ်ရေးသားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။