ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အဲဒီတိုက်ပွဲတွေကြားထဲကနေ အခုလို စစ်သား ၄ဦးဟာ ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အမ်းမြို့ (နပခ)၊ ခမရ (၃၇၃) ကနေ ထွက်ပြေးလာတဲ့ ကိုယ်ပိုင်အမှတ် (ပစ – ၁၀—-) ကိုသက်နိုင်နဲ့ (ပစ – ၁၀—-) ကိုသက်နိုင်ဦး တို့ ၂ ဦးကိုအရင်ဦးဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“၃၇၃ က ၂ယောက်ကတော့ အာရက္ခတပ်တော် AA က ၃၇၃ ကို သိမ်းချိန်မှာ စခန်းတွင်း တပ်သား ၈ ယောက်ပဲ ကျန်တော့လို့ ကြောက်လန့်ပီး ထွက်ပြေးလာတာဖြစ်တယ်” လို့ CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင် က မောင်းကို ပြောပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာလည်း ခမရ (၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ကိုယ်ပိုင်အမှတ် ( ပစ – ၁၀—- ) ကိုရဲမွန်ဦးနဲ့ ( ပစ – ၁၀—- ) တပ်သားကိုကျော်မင်းဦးတို့ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“၃၇၁ က ၂ယောက်ကတော့ နယ်ခြားဂိတ် ကံမြင်းကန်ဂိတ်အနီး ကြက်ရေစမ်းမှာ စစ်ကြောင်းချထားချိန် ကင်းချိန်အတွင်း ပြေးလာတယ်လို့ ထွက်ဆိုထားတယ်” ၄င်းက ဆက်လက်ပြီးပြောပါတယ်။
အဆိုပါစစ်သား ၄ဦးဟာ ရခိုင်ပြည်နယ်ကနေ CDF-Asho ရဲ့ စစ်ဆင်ရေးလှုပ်ရှားရာ မကွေးတိုင်း နယ်မြေထဲကို ကျွံလာတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးရမိစဉ်မှာ စစ်သားတွေမှာ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး လက်ရှိမှာတော့ အခြေအနေ အနည်းငယ် တည်ငြိမ်လာပြီလို့ ဆိုပါတယ်။
CDF-Asho ကနေပြီး အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။