ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ခရိုင် ၄ ခုလုံးကို ဒီနေ့နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ တစ်ရက် ၈ နာရီ မီးဖြတ်မှာဖြစ်ပြီး အရင်ကတော့ ခရိုင် ၃ ခုကိုသာ မီးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့မှာ အဲ့လိုမီးဖြတ်ခံနေရတာ ကြာပါပြီ၊ အခုမှ အနောက်ပိုင်းက ပါလာတာပါ။ အရင်ကတည်းက တစ်နေ့ကို ၄နာရီလာ ၄ နာရီပျက်ပဲ၊ အနောက်ပိုင်းခရိုင်က အခုညဘက်တွေပါ ပျက်မယ့်သဘောတော့ ဖြစ်နေတယ်” လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
အခုလို မီးပျက်မှုတွေအပြင် စစ်ကောင်စီက မီတာခကိုလည်း အရင်ကထက် တိုးမြှင့်ကောက်ခံနေတာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက်ကာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာမှုကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးက စက်မှုဇုန်နေရာတွေကို တစ်ရက်မှာ ၄ နာရီသာ မီးပေးနိုင်တာကြောင့် စက်ရုံ၊ အလုပ်ရုံတချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြင်းခြံက V-Power သဘာဝဓာတ်အားသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံနဲ့ Sembcorp သဘာဝဓာတ်အားသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ သုံးစွဲဝန်အားထက် လျှော့ချပြီး မီးပေးမှာဖြစ်ကြောင်း၊ စက်မှုဇုန်တွေမှာလည်း ညပိုင်းမှာ လျှပ်စစ်ဓာတ်အားကို လျှော့ချပေးမှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။