စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဂန့်ဂေါမြို့မြောက်ပိုင်း၊ စိုင်ဒူးကျေးရွာဂိတ်မှာ လမ်းမှားဝင်ရောက််မိတဲ့ ချင်းအမျိုးသားကယ်ရီသမား ၁ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး ခလရ ၅၀ တပ်ထဲ ခေါ်ဆောင်စစ်ဆေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ၁လ ကျော်အကြာမှာ အခုလိုမဟုတ်မမှန် သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ယော PDF တပ်ဖွဲ့ဝင်တစ်ယောက် စတားလင့် ၆လုံးယူဆောင်ပြီး ဂန့်ဂေါတပ်နယ်ထဲ အလင်းဝင်ရောက်လာကြောင်း ရေးသားနေကြရာ ဒီဖြစ်စဥ်ဟာ မဟုတ်မှန်ကြောင်းနဲ့ အထင်လွဲစရာဖြစ်အောင် တမင်ဝါဒဖြန့်ထုတ်ပြန်နေတာ ဖြစ်ကြောင်း ယောအလင်းတန်းက ပြောပါတယ်။

“ချင်းအမျိုးသားပြောပြချက်အရ အဲ့နေ့က သူ့ကိုဖမ်းပြီး ခလရ ၅၀ထဲ ခေါ်စစ်တယ်။ သူက PDF မဟုတ်ဘဲကယ်ရီသမားမှန်းသိသွားတော့စတားလင့်တွေကိုသိမ်းပြီးလူကိုပဲပြန်လွှတ်ပေးလိုက်တယ်တဲ့။သိသလောက်ဆိုဂန့်ဂေါခရိုင်ထဲဘယ်တပ်ရင်းမှစတားလင့်၆လုံးပိုင်တာမျိုးမရှိပါဘူး။
ဘယ်အဖွဲ့ကမှလည်း ရဲဘော်တွေ ဒီလိုအဖမ်းခံရတယ်လို့မကြားမိဘူး။ ပြည်သူတွေနဲ့ PDF တွေ တစ်မျိုးထင်အောင် တမင်သတင်းဖြန့်တာပါ“ လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။
လက်ရှိ အဲဒီချင်းအမျိုးသားဟာလည်း တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ အချိတ်အဆက်ရကာ လုံခြုံတဲ့နေရာတစ်ခုကို ရောက်နေပြီလို့ သိရပါတယ်။
နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ဂန့်ဂေါမြို့နယ်မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်လုနီးပါးဖြစ်နေသလို သုံးရလွယ်ကူတဲ့ စတားလင့်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သားတွေ အဓိက အားထားနေကြရပါတယ်။
တစ်ဖက်မှာလည်း မလိုလားအပ်တဲ့ သတင်းစီးဆင်းမှုတွေကို ထိန်းချုပ်နိုင်ဖို့ စတားလင့်အသုံးပြုခွင့်တွေ ကန့်သတ်ထားတယ်လို့ သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်ခဲ့ပါသေးတယ်။