ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ ၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ–ကျောက်ဖရား–မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား–လာအို–မြန်မာ–ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ အင်္ဂါနေ့မနက်မှာ ကူမင်းကို သွားရောက်ခဲ့တာပါ။
ဆွေးနွေးပွဲကို ယူနန်ပြည်နယ်၊ ကူမင်းမြို့က Hualuxe hotel မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖွံဖြိုးမှုစီမံကိန်း၊ EV ကဏ္ဍနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအပါအဝင် အခြားကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို စစ်ကောင်စီအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ယုံယုံကြည်ကြည် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သလို လာရောက်ဆွေးနွေးနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားခဲ့တာပါ။
ဒီနေ့ နိုဝင်ဘာလ ၅ ရက် မနက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်၊ လေယာဉ်ပြေးလမ်းအနီးမှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့လည်း စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့အသိုင်းအဝိုင်းအကြား အပယ်ခံဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို စစ်ရေး၊နိုင်ငံရေးအရ အထူးအားကိုးနေတာ ဖြစ်ပါတယ်။

တရုတ်အစိုးရက နှစ်နိုင်ငံအစိုးရချင်း တရားဝင်တွေ့ဆုံဖို့ သီးသန့်ဖိတ်ကြားချက် မဟုတ်တဲ့တိုင် တရုတ်ဦးဆောင်ကျင်းပတဲ့ ဒီလိုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ရတဲ့အပေါ် နိုင်ငံတကာတရားဝင်မှုအဖြစ် စစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ ရုရှားကို အကြိမ်ကြိမ်သွားရောက်ခွင့်ရခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ကတော့ ၄ နှစ်နီးပါးအထိ ကြာမြင့်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့နိုင်ဖို့ကလည်း မသေချာလှပါဘူး။