အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်း (ခလရ ၅၀) က စစ်သားတစ်ယောက်ဟာ မနေ့က နိုဝင်ဘာ ၃ ရက်မှာ ကြက်လိုက်ဖမ်းရင်း တပ်ခြံစည်းရိုးနားမှာ ကိုယ့်မိုင်းကိုယ်နင်းမိပြီး ထိခိုက်ဒဏ်ရာရရာကနေ ဒီမနက်မှာ သေဆုံးသွားခဲ့တာပါ။
“အခုနောက်ပိုင်း မြို့ပေါ်အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်က ခံစစ်တွေပြင်ဆင်တာ။ အတားအဆီးတွေ ပြုလုပ်ထားရုံမကပဲ ခြံစည်းရိုးတွေမှာပါ မိုင်းကွင်းချတာတွေ လုပ်ဆောင်နေတာပါ။ သူတို့ထောင်ထားတဲ့မိုင်း သူတို့ဘာသာနင်းမိတာ” လို့ ခလရ ၅၀ နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တပ်ထဲမှာ နောက်ချန်အင်အား မထားနိုင်တော့တဲ့အတွက် အိမ်ထောင်သည် စစ်သားတွေရဲ့ မိန်းမတွေကိုပါ ကင်းစောင့်ခိုင်းနေရတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်တွေမှာလည်း လုံခြုံရေးကင်းလှည့်ဖို့အတွက် ပျူစောထီးတွေ၊ စစ်မှုထမ်းဟောင်းတွေကို အခကြေးငွေပေးပြီး ခေါ်ယူအသုံးပြုနေရတယ်လို့ သိရပါတယ်။