စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နယူးယောက်မြို့မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားလိုက်တာပါ။
စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန် သာမန်လူတွေလို ထွက်မပြေးနိုင်တဲ့ မသန်စွမ်းသူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

မသန်စွမ်းသူ အများစုဟာ ညှင်းပန်းနှိပ်စက်ခံကြရသလို တချို့က သတ်ဖြတ်ခံရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေဟာ ပိုမိုဆိုးရွားနေပြီး ခွဲခြားနှိမ့်ချဆက်ဆံခံရမှုတွေလည်း ဆိုးရွားနေတယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့လည်း သံအမတ်ကြီးက တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံကို အသိပေးပြောဆိုခဲ့ပါတယ်။
တဆက်တည်းမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသက ကလေးငယ်တွေ၊ လူငယ်တွေနဲ့ အရပ်သားတွေဟာ ထိခိုက်ဒဏ်ရာရာရပြီး မသန်စွမ်းဦးရေလည်း တိုးလာတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အထိ လူဦးရေရဲ့ ၁၃ ရာခိုင်းနှုန်းဖြစ်တဲ့ ၅ ဒဿမ ၉ သန်းခန့်ဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ မသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ စာရင်းပြုစုတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က ထုတ်ပြန်ထားပါတယ်။