ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိမှု အခြေအနေကို BPLA က ထုတ်ပြန်လာတာပါ။
တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့မှာ ခေါပုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အထိ ခေါပုတ်စခန်းကနေ စွန့်ခွန်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

စခန်းစွန့်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးရာမှာ အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက် အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ပေါင်းများစွာ စစ်ကောင်စီဘက်က တပ်စွဲထားတဲ့ ခေါပုတ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။
