တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် မနက်အစောပိုင်းမှာ စစ်သားအင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ အဲဒီနေရာကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာ၄နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၁၅ယောက်မျက်မြင်သေဆုံးကာအများအပြားဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။
“သူတို့တပ်စွဲထားတဲ့နေရာက ပြည်သူနေအိမ်တွေပါ။ ဆက်သွယ်ရေးမြောင်းနဲ့ ဘန်ကာနဲ့ အခိုင်အမာ တည်ဆောက်ထားတာပါ။ အနီးနားက ပြည်သူနေအိမ် တစ်ဆောင်ကို ကာဗာယူပီး ခံပစ်နေတဲ့သဘောပါ။” လို့ YPPDF ရဲ့တာဝန်ရှိသူတစ်ယောက်ကမောင်းကိုပြောပါတယ်။
အဲဒီနောက်မှာဘုရားမဲစစ်ဆေးရေးဂိတ်ကနေစစ်ကူတွေရောက်လာတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲတွင်းမှာ MA3 သေနတ် ၂လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက် (၇)ခု၊ ဦးထုပ် (၂) လုံး၊ လက်ပစ်ဗုံး (၁)လုံး၊ လက်ကိုင်ဖုန်း (၃)လုံး၊ အီကွေ့မန့်ခါးပတ် (၁)ခု၊ စစ်သုံးပုခတ် (၁)ခု၊ ကင်မရာ (၁)လုံး၊ ဟင်းကော (၁) လုံးတို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
