မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာ ၁ရက်၊ ညနေပိုင်းက ဂန့်ဂေါမြို့မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ သင်တောရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲ့ဒီထိတွေ့မှုထဲ ပြည်သူ့ကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့တာကြောင့် ဒုရဲအုပ်၁ယောက်နဲ့ ပျူစောထီး၁ယောက်သေဆုံးပြီး ၉ယောက်ထက်မနည်းထိခိုက်သွားကြောင်း သိရပါတယ်။
“သေတဲ့ ဒုရဲအုပ်က ကုက္ကားရွာက ပျူခေါင်းဆောင်ရဲ့သားလို့ သိရတယ်။ သူရယ် နောက်တစ်ယောက်ရယ် သေပါတယ်။ နာမည်တွေတော့မသိဘူး။ ထိတာတော့ ၉ယောက်ထက်မနည်းထိပါတယ်။ ကုက္ကားရွာက ပျူတွေပါ။” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ် ။
အဲဒီပျူစောထီးစစ်ကြောင်းဟာ အောက်တိုဘာ ၁ရက် မနက်အစောပိုင်းမှာ မြောက်ခင်ရန်းပျူရွာကနေ မြောက်ခင်ရန်း–ဂန့်ဂေါ အာရှလမ်းမကြီးအတိုင်း အင်အား၂၀၀နီးပါးနဲ့ စစ်ကြောင်း၂ခုခွဲပြီး ထွက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် သင်တောရွာနဲ့ မြောက်ခင်ရန်းရွာအကြားမှာ ဒေသကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး သင်တောရွာကို နေ့လည်ပိုင်းမှာ ဝင်ရောက်ခဲ့တာလို့လည်း ယောအလင်းတန်းက ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မနက်(နိုဝင်ဘာ ၃) အစောပိုင်းကလည်း မြောက်ခင်ရန်းရွာကနေ အနောက်တောလေးရွာသစ်ကိုသွားတဲ့ ပျူစောထီးတွေ ပြည်သူ့ကာကွယ်ရေး တပ်တွေထောင်ထားတဲ့ တိုက်မိုင်းမိပြီး ၄ယောက်ထက်မနည်းထိခိုက်သွားတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။
မြောက်ခင်ရန်း ပျူစောထီးရွာဟာ စစ်အုပ်စုအခြေပြုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီးမကြာခဏဆိုသလို အနီးနားကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့တတ်တယ်လို့လည်း သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ ပြောပြချက်အရ ဂန့်ဂေါမြို့မြောက်ပိုင်းက မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ စတဲ့ ပျူစောထီးအားကောင်းရာ ကျေးရွာတွေမှာ ဒုရဲအုပ်အဆင့်ရှိသူတွေကို တစ်ရွာတစ်ယောက်စီပြောင်းရွှေ့တာဝန်ထမ်းဆောင်ထားခိုင်းကြောင်းလည်း သိရပါတယ်။