မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ယောက်သေကာ ၈ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ–ရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂ရက်၊ မနေ့က နေ့လည်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပိန္ဒဲကုန်းကျေးရွာအနီး ထိတွေ့မှု ၂ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
“၂ရက်နေ့မတိုင်ခင်တည်းက ဒီကောင်တွေ စစ်ကြောင်းထိုးနေလို့ ဝင်လာနိုင်တဲ့ လမ်းတွေမှာ ကြိုစောင့်တယ်ပေါ့။ အဲ့ဒါနဲ့ ၂ရက်နေ့ မွန်းလွဲပိုင်း ၁နာရီလောက်မှာ ကျနော်တို့စောင့်နေတဲ့ ပိန္ဒဲကုန်းကျေးရွာဆီ စစ်ကြောင်းလိုက် တိုးလာလို့ တိုက်ပွဲစဖြစ်တယ်ပေါ့။ လက်နက်ကြီးလက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ကြတာ ၂၅မိနစ်လောက်ပဲကြာတယ်။ အဲ့ဒီနောက်တော့နာရီဝက်လောက်ငြိမ်သွားပြီး တစ်နေရာမှာတိုက်ပွဲ ဆက်ဖြစ်ကြပါတယ်ဗျ။ ကျနော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။” လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ–ရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။
ဒီထိတွေ့မှုထဲ KNLA နဲ့အတူ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) ၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

တစ်ဖက်မှာတော့စစ်ကောင်စီကထိခိုက်သေဆုံးခဲ့တဲ့စစ်သားတွေကိုဖောကားနဲ့ပြန်ပြီးသယ်သွားတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်နေချိန်အတွင်း လက်နက်ကြီး ၁၂၀ မမနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ် ၁လုံးနဲ့ ဘုန်းကြီးကျောင်း ဇရပ် ၁ခု ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။
လက်ရှိမှာလည်း တိုက်ပွဲဲဖြစ်ပွားရာ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
“အခုထိတော့ စစ်ရေးက မငြိမ်သေးပါဘူး။ ဒီကောင်တွေက အလုံးစုံပြန်မဆင်းသေးဘူးပြောရမယ်။ တပ်စွဲထားတာမျိုးမဟုတ်ဘဲ ဒီနယ်မြေထဲပဲ အရွေ့ပုံစံမျိုးဆိုတော့ စစ်ရေးတင်းမာနေတုန်းပါ။” လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ–ရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။