ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ KNLA ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကူတွေ အဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။