ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းမှ တပ်ကြပ်ကြီးအဆင့် (၁)ဦး အပါအဝင် စုစုပေါင်း (၅) ဦးမှာ နေရာတွင်သေဆုံးပြီး (၄) ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီစစ်ကြောင်းဟာရှေ့ကိုမဆက်နိုင်တော့ဘဲဒုံဇရစ်ကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။
ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အဆိုပါရွာအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊အမှတ်(၂) စစ်ဒေသခွဲ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၇)၊ တပ်ခွဲ(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။