စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်မှာ မုံရွာ- မန္တလေးလမ်းပေါ်တက်ပြီး ဆက်ကြေးကောက် ငွေညှစ်ဖိုလုပ်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရလို ၂ယောက် သေပြီး ၁၀ယောက်နီးပါး ထိခိုက်သွားကြောင်း Brave Heart Army – BHA အဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာ ၃၁ရက်၊ မနေ့က မနက်ပိုင်းမှာ မုံရွာမြိုနယ်၊ တောပုရွာကနေထွက်လာတဲ့ အကြမ်းဖက်ပျူစောထီးတွေကို မုံရွာ-မန္တလေးလမ်းပေါ် မှာ ရှေ့ထွက်ပြောင်း ၅ ပြောင်းနဲ့ တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် ပျူစောထီး၂ယောက် နေရာတင်သေပြီး ၁၀ ယောက်နီးပါး အပြင်းအထန် ဒဏ်ရာရရှိသွားကာ ဒဏ်ရာရသူတွေနဲ့ သေဆုံးအလောင်းတွေကို ပြည်သူပိုင်ကား၂ စီး ချောဆွဲရင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာ နမခထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

“နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုက ကောင်တွေကို မနေ့က မနက် ၈ နာရီလောက်မှာ ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လမ်းပေါ်ထွတ်လာတာကတော့ ၂၀ လောက်ပါပဲ။ ဒါပေမယ့် သူတိုရွာမှာတော့ အင်းအား ၇၀ နဲ့ ၈၀ ကြားရှိပါတယ်ဗျ။ ဒီကောင်တွေက အရပ်သားကားတွေ၊ ဆိုက်တွဲတွေကို ငွေညှစ်တယ်။ ပါသမျှ အကုန်ယူတဲ့ကောင်မျိုးတွေပါ” လို့ Brave Heart Army -BHA အဖွဲတာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY – BHA အဖွဲ့က ဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFG အဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို သိရပါတယ်။
တော်လှန်ရေးအဖွဲတွေရဲ့ပစ်ခတ်မှုအပြီး အထိနာသွားတဲ့ ပျူစောထီးတွေက အခင်းနေရာ အနီးတဝိုက်ကို ရမ်းသမ်းပစ်ခတ်ခဲ့သလို အနီးဝန်းကျင်က အရပ်သား နေအိမ်၃လုံးကို မီးရှို့ဖျက်ဆီးသွားသေးတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့လည်း Brave Heart Army -BHA အဖွဲ့က ပြောပါတယ်။်
