တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၅ရက်၊ မနက်အစောပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်အစိုးရအဖွဲ့ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း တနင်္သာရီတိုင်း ရင်းနှီးမြုပ်နှံမှူနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ရက်မှာလည်း သရက်ချောင်းမြို့နယ်ထဲက ခမရ ၄၀၅ တပ်ရင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ အရာရှိနဲ့ တပ်ကြပ်တို့ သေဆုံးကာ ကျန်တဲ့တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
Sky Ghost Drone Force အဖွဲ့ဟာ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တွေနဲ့အတူ အခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ စတဲ့မြို့နယ်လေးခုမှာ စစ်ကောင်စီယန္တရားလည်ပတ်ရာ အဆောက်အအုံတွေနဲ့ ကျောထောက်နောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။