မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
မကဒတမှ ခေါင်းဆောင်ကြီးများ၊ ရဲဘော်များအားလုံးနဲ့အတူ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကာ မျှော်လင့်တောင့်တနေကြသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အမြန်ဆုံးရောက်ရှိပါစေလို့လည်း သဝဏ်လွှာထဲမှာဖော်ပြထားပါတယ်။
ဒါအပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များကို တိုက်ထုတ်ရင်း ကျဆုံးခဲ့ကြရသော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှအာဇာနည်သူရဲကောင်းရဲဘော်အပေါင်းကိုလည်းသဝဏ်လွှာကနေဦးညွှတ်အလေးပြုတယ်လို့လည်းဆိုပါတယ်။
နွေဦးတော်လှန်ရေးအောင်ပွဲ နီးကပ်လာတာနဲ့အမျှ သပ်လျှိုသွေးခွဲမှုများလည်း များစွာ ကြုံတွေ့လာမှာ ဖြစ်တာကြောင့် စိန်ခေါ်မှုအခက်အခဲများကို စုစည်းညီညွတ်မှု အင်အားဖြင့် တွန်းလှန်ကျော်ဖြတ်ကျမယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တန်းတူညီမျှခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး နိုင်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝပေးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုတယ်လို့လည်း ဆိုပါတယ်။