ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီ တရားဝင်ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းမှာ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံသားလျှောက်ခွင့်ပေးသင့်တယ်လို အစိုးရအဖွဲ့က ယူဆကြောင်း၊ ဒါမှလည်း သူတိုတွေဟာ လွတ်လွတ်လပ်လပ် ခရီးသွားလာနိုင်မယ့်အပြင် ထိုင်းရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsa က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ အစိုးရအဖွဲရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း နည်းဥပဒေတွေ ပြဋ္ဌာန်းသွားမယ်လို သူက ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကနေ ပထမဆုံး အကျိုးအမြတ်ရရှိမယ့် အုပ်စုကတော့ ထိုင်းနိုင်ငံမှာ ၁၉၈၄ ကနေ ၁၉၉၉ ခုနှစ်အတွင်း နေထိုင်ပြီး အလုပ်လုပ်ခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂၀,၀၀၀ ခန့် ပါဝင်မှာဖြစ်ပါတယ်။
ဒုတိယအုပ်စုထဲမှာဆိုရင်၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းမှာ နေထိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ပါဝင်မှာပါ။
တတိယအုပ်စုထဲမှာတော့ တိုင်းရင်းသားမိဘနှစ်ပါးကနေပြီး ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ကလေးငယ် ၂၉,၀၀၀ ခန့်နဲ့ စတုတ္ထအုပ်စုထဲမှာ အထောက်အထားမဲ့ လူနည်းစုဝင်မိဘတွေကနေ မွေးဖွားလာတဲ့ ကလေး ၁၁၃,၀၀၀ ခန့်ပါဝင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုအားလုံးကို ကိုင်တွယ်လုပ်ဆောင်ဖို ၄၄ နှစ်အထိ ကြာမြင့်နိုင်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မူရင်း – Citizenships for 483,000 migrant workers and ethnic children born in Thailand