စစ်အာဏာရှင် ကျရှုံးရင် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တွေကို ပိုမိုပျော်ရွှင်စွာကျင်းပနိုင်မှာ ဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒီပါဝလီနေ့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသဝဏ်လွှာပေးပို့ဆုတောင်းလိုက်ပါတယ်။
ဒီပါ၀လီနေ့ထူးနေ့မြတ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ဟိန္ဒူဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်းနဲ့ မီးထွန်းညှိပူဇော်ခြင်းဖြင့် အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ကာ အဆိုးအညံ့များ ကင်းဝေးလျက် ကောင်းသောအရာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဖော်ပြထားပါတယ်။
ဟိန္ဒူဘာသာဝင်တွေအပါအဝင် တခြားသော ဘာသာဝင်တွေနဲ့ လူမျိုးပေါင်းစုံတို့ရဲ့ နှစ်စဥ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ပွဲတော်တွေဟာလည်း စစ်အာဏာသိမ်းမှုကြောင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်း မရှိတော့ဘူးလို့ CRPH က ဆိုပါတယ်။
ဒါကြောင့် အကြမ်းဖက် စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် နိုင်ငံတဝှမ်းမှာ ပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ ဆင်ယင်ကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တွေကို ပျော်ရွှင်စွာ ပြန်လည်ကျင်းပနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဘာသာဝင်ပေါင်းစုံတို့အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့၊ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ဟိန္ဒူဘာသာဝင်တွေ ပါဝင်နေမှုကိုလည်း ဝမ်းမြောက်စွာ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
ဟိန္ဒူဘာသာဝင်တွေနဲ့အတူ တခြားသော ဘာသာဝင် တိုင်းရင်းသားပြည်သူတွေအားလုံး စစ်အာဏာရှင်စနစ်ဆိုးအမှောင်ထုကို အပြီးတိုင်ဖြိုခွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အလင်းရောင်ကို စုပေါင်းအားနဲ့ ဖော်ဆောင်ထွန်းညှိသွားနိုင်မယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်တယ်လို့ ဆိုထားပါတယ်။