မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ “ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
သူ့ကို စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တာနဲ့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးထားတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှတဆင့် ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုတွေကို လှောင်ပြောင်ထားတဲ့ “ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကိုရုတ်ချကြောင်းထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။

“လှိုင်ရဲစခန်းမှာ အဖမ်းခံထားရတာ ဟုတ်ပါတယ်။ ဖမ်းဆီးခံရတဲ့ခေါင်းစဥ်ကတော့ စစ်ကောင်စီဘက်က အကြမ်းဖက်လို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တွေရဲ့ လှုံ့ဆော်ဝါဒတွေကို ဖြန့်ဝေလို့တဲ့” လို့ ကိုရှိုင်းထက်အောင်ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
မြန်မာဟိန္ဒူသမဂ္ဂ/ မြန်မာဟိန္ဒူအစည်းအရုံးကနေလည်း “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကားခွင့်ပြုပေးခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုရှိုင်းထက်အောင်ဟာ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၁နာရီကျော်လောက်ကစလို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက ကိုဟာဆယ်ရွန် အဖမ်းခံရတာကို မသိဘဲ လှိုင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းတွေမှာ လူပျောက် တိုင်ကြားထားခဲ့သေးတယ်လို့ သိရပါတယ်။