တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။
အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ လူ့အခွင့်အရေးတွေကို ဆိုးရွားစွာချိုးဖောက်နေတဲ့ နယ်ခြားစောင့်တပ်က စောချစ်သူအပါအဝင် ဗိုလ်မှူးမုတ်သုံ နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို ပါထည့်သွင်းပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်း ဖြစ်ပါတယ်။
မြ၀တီဒေသက စစ်ကောင်စီတပ်တွေကို အကူအညီပေးနေတဲ့ စောချစ်သူရဲ့ နယ်ခြားစောင့်တပ်ဟာ ဒေသတွင်းမှာ စစ်ရေးအပြင် အာဏာကို အသုံးချပြီး တရားမဝင်လောင်းကစားလုပ်ငန်းတွေနဲ့ ကြွယ်၀ချမ်းသာလာသူတွေလည်းဖြစ်တာကြောင့် အီးယူကဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တာပါ။
မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project အစရှိတဲ့ အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများမှာ BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ရင်းနှီးမြှုပ်နှံကာ အကျိုးအမြတ်များစွာရရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း EU က မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး မြန်မာပြည်က စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အပြင်းအထန်ကန့်ကွက်ပြီး ထပ်တိုးအရေးယူမှုတွေလည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင် BGFတပ်ရဲ့ မြန်မာစစ်တပ်အောက်ဆက်ပြီး ရပ်တည်မှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က မေးခွန်းထုတ် ဝေဖန်တာတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင် BGFတပ်ဟာ စစ်တပ်လက်အောက်မှာ ၃ နှစ်နီးပါးဆက်ရှိပြီး မြန်မာစစ်တပ်နဲ့အတူ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ ၂၀၂၃ အောက်တိုဘာကစတဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်မှာတော့ BGF ရဲ့ ရပ်တည်မှုကပြောင်းလာပါတယ်။
၂၀၂၄ ဇန်နဝါရီမှာ မြန်မာစစ်တပ်လက်အောက်ကနေခွဲထွက်ပြီး သီးခြားရပ်တည်မယ်လို့ BGF ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူက ထုတ်ပြောခဲ့ပါတယ်။