စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှာပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလို တင်ပြခဲ့တာပါ။
စီပါရွာဖြစ်စဉ်မှာစစ်ကောင်စီကျူးလွန်ခဲ့တဲ့စစ်ရာဇ၀တ်မှုတွေကိုမှတ်တမ်းဓာတ်ပုံတွေနဲ့တကွနိုင်ငံတကာကသိရှိအောင်ပြသခဲ့တာ ဖြစ်ပါတယ်။


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာဖြစ်စဉ်မှာ ဒေသခံ ပြည်သူတချို့ အပိုင်းပိုင်းခုတ်ထစ်ခံထားရတဲ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲလွင့်စင်နေခြင်း၊ ဦးခေါင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်ပြီး နေအိမ်ခြံစည်းရိုးတွေမှာ ချိတ်ဆွဲထားခြင်းဟာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ဟာ အခုလို လူမဆန်တဲ့စစ်ကောင်စီကို ထောက်ခံအားပေးနေမှုတွေ ရှိနေပြီး လက်နက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်နည်းပညာတွေကို လက်ရှိအခြေအနေအထိ ထောက်ပံ့နေခြင်းကိုလည်း သံအမတ်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံရဲ့ အလုံးစုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံ လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် မပေါ့လျော့စေလိုကြောင်းလည်း သံအမတ်ကြီးက သတိပေးတင်ပြခဲ့ပါတယ်။
