ဟားခါးနဲ့ ထန်တလန်ဒေသကြားက စစ်ကောင်စီတပ်စခန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီလို့ ချင်းပြည်နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
ချင်းပြည်နယ် ဟားခါး–ထန်တလန်မြို့နယ်ကြား ကမ်တလန်း(Kiamtlang)ဒေသက စစ်ကောင်စီတပ်စခန်း အပါအဝင် စခန်းတချို့ကို ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က စတင်ပြီး ဟားခါးအနီးမှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ အဓိက ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့တာပါ။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကို အဓိက အားပြုပြီး ပြန်လည်တိုက်ခိုက်မှုတွေရှိတာကြောင့် အရပ်သားတွေ ထိခိုက်ကာ သေဆုံးဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲငြိမ်သက်နေတဲ့ချင်းပြည်နယ်မှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီရဲ့အင်အားဖြည့်တင်းလာမှုတွေကြောင့်ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြန်လည်ပြီးတိုက်ပွဲတွေဖော်ဆောင်လာတာလို့သိရပါတယ်။
တဆက်တည်းမှာပဲ ထန်တလန်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ရက်မှာ ထန်တလန်မြို့က စစ်ကောင်စီ လက်ကျန်တပ်ဖွဲ့တွေထံ Y12 လေယာဉ်နဲ့ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က သူတို့ရဲ့ စခန်းကုန်းတွေ မကျစေဖို့ အပြင်းအထန် ခုခံကာကွယ်နေပြီး စစ်ကူတွေလည်း ပို့ဆောင်လျက်ရှိနေတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။