စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရွှေစျေးကွက်ကို စစ်ကောင်စီ၀င်ထိန်းလိုက်ခြင်းဟာ ရွှေဆိုင်အငယ်လေးတွေပျောက်ကွယ်သွားပြီး မှောင်ခိုစျေးကွက်သာ ပိုကြီးထွားလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး လုပ်ငန်းလိုင်စင်ပြန်လျှောက်ရမယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။
စံချိန်မီ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလိုင်စင်နဲ့ ရွှေ၊ ရွှေအကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနဲ့ပတ်သက်တဲ့ အနုပညာပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းလိုင်စင်ဆိုပြီး ၂ မျိုး သတ်မှတ်လိုက်တာပါ။
နေ့စဥ် ရွှေစျေးနှုန်းသတ်မှတ်ပေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတို့ ဦးဆောင်တဲ့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
စစ်ကောင်စီဟာ ရွှေတစ်ကျပ်သားကို သိန်း၁၀၀အထိ မရောက်နိုင်အောင် ၀င်ရောက်ထိန်းသိမ်းမယ်လို့ ဆိုပေမယ့် ရွှေစျေးနှုန်းမြင့်တက်လာခြင်းကို လက်ရှိအချိန်အထိလည်း ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါဘူး။