နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ဒေသက ပြည်သူတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အဓိက ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက် ထပ်မံထောက်ပံ့ပေးအပ်တာလို့လည်း ဆိုပါတယ်။
နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်းပိုင်းက ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီးနောက်မှာ အခုလို နောက်ထပ် အကူအညီပေးတာလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ်ပေးမယ့် ဒေါ်လာ ၃ သန်းဟာ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေအတွက် ထပ်တိုးပေးထားတဲ့ ဒေါ်လာ ၄၇ သန်းကျော်အပြင် နောက်ထပ် ပေးအပ်လိုက်ခြင်းဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးက ပြည်သူတွေကို လူသားချင်းစာနာအကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ရေးအတွက် စစ်အာဏာပိုင်တွေနဲ့ စစ်ပွဲပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေကို ကူညီထောက်ပံ့ပေးအပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ရေဘေးကို အမေရိကန်အပါအဝင် ဥရောပနိုင်ငံအချို့နဲ့ ကုလက အကူအညီထောက်ပံ့မှုတွေပေးအပ်ထားပါတယ်။
