ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ကနေ စတင်ပြီး ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာရှိတဲ့ ရေကန် ၃ကန်ထဲက ကန် ၂ကန်မှာ ရေလုံးဝမရှိတော့ဘဲ ကျန်ရှိနေတဲ့ ရေကန် ၁ကန်မှာလည်း ကြေးနီရောင်ဖြစ်နေတဲ့ ရေတွေကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
အဲဒီလိုရေမသန့်ရှင်းမှုတွေကြောင့်အကျဉ်းထောင်အတွင်းကအကျဉ်းသူတွေမှာအရေပြားပြဿနာကိုကြုံတွေ့နေရပြီးအိမ်သာတက်ရာမှာလည်းအခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်။
ဒါ့အပြင် လူဦးရေ (၅၀) သာဆန့်တဲ့ အကျဉ်းခန်းတွေမှာ လူဦးရေ (၈၀) ဝန်းကျင်ခန့်ကိုပြည့်ကျပ်စွာထားရှိတာကြောင့်လည်းအရေပြားရောဂါပြဿနာဟာတနေ့တခြားဆိုးဝါးလာနေတယ်လို့သိရပါတယ်။
အခုလိုအရေပြားရောဂါတွေဖြစ်နေတာကိုအကျဉ်းထောင်တာဝန်ရှိသူတွေသိရှိပေမယ့်လုံလောက်တဲ့ဆေးဝါးကုသမှုဆောင်ရွက်မပေးသလိုမိသားစုဝင်တွေပေးပို့တဲ့ဆေးဝါးတွေကိုလည်းကန့်သတ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။
“လူတစ်ယောက်အသက်ရှင်နေထိုင်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ရေမရရှိခြင်းသည် ဒိုက်ဦးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများအတွက် လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံနေရခြင်း ဖြစ်သည်။” လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
