ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
၂၀၂၃–၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း CDM ဝန်ထမ်း ၁၂၅၅ ယောက်အတွက် ကျပ်ငွေ သိန်းပေါင်း (၇၆၉) သိန်းကျော်ကို ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမှန်တကယ် အကူအညီလိုအပ်နေတဲ့ CDM ဝန်ထမ်းတွေရဲ့ အရေးပေါ်ကိစ္စရပ်တွေကို ၂၀၂၁ ခုနှစ်၊ မတ်လက စတင်ပြီး ကူညီပံ့ပိုးပေးခဲ့ရာ တော်လှန်ရေးကာလ ၃နှစ်ကျော်အထိ ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။
အရေးပေါ်ကူညီပံ့ပိုးမှုတွေအဖြစ် ကျန်းမာရေး၊ မီးဖွားစရိတ်၊ စားဝတ်နေရေး စတဲ့ ခေါင်းစဉ်(၃)ခုနဲ့ အဓိကပံ့ပိုးပေးနေတယ်လို့လည်း သိရပါတယ်။
ရေဘေး၊ နေအိမ်မီးရှို့/ဖျက်ဆီးခံ၊ နေအိမ်ရွှေ့ပြောင်း၊ ဖမ်းဆီးခံနဲ့ နာရေးထောက်ပံ့မှုတွေအတွက်လည်း ပံ့ပိုးကူညီပေးနေပြီး အခက်အခဲရှိသူတွေအနေနဲ့ CRPH ထံ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
CDM ဝန်ထမ်းတွေအတွက် တော်လှန်ရေး Youtube Channel တွေ၊ ကြော်ငြာတွေကို ဝင်ရောက်ကြည့်ရှုတာတွေ၊ ကလစ်တာတွေ ပြုလုပ်ပြီး CDM ဝန်ထမ်းတွေကိုလည်း ပြည်သူတွေဘက်က ကူညီနိုင်ကြောင်း CRPH က ထုတ်ပြန်ထားပါတယ်။
CRPH ၏ ထုတ်ပြန်ချက်ဇယား (ဓာတ်ပုံ CRPH’s Facebook)