ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၀ရက် ဒီနေ့ နေ့လည်ပိုင်းကတည်းက ပျံဝဲနေတာဖြစ်ပြီး မြဝတီမြို့အမှတ် ၅ ရပ်ကွက်ဘက်ဆိုရင် နိမ်နိမ့်လေး ပျံဝဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီလေယာဥ်ကနေ ၂၇၅ တပ်ကိုလည်း လေထီးတွေနဲ့ ချတာတွေ့ရတယ်။ ဘာတွေချလဲဆိုတာတော့မသိရဘူး ။ အမှတ် ၅ရပ်ကွက် မြေနီကုန်းနားကိုလည်း လေထီးတွေနဲ့ ချနေတာတွေ့ရတယ်” လို့ မြဝတီမြို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီးတဲ့နောက် အဲဒီနေရာအနီးတဝိုက်ကို လေယာဥ်နဲ့ ကင်းထောက်နေတာတွေလည်းရှိတယ်။ အခုတော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စွယ်တော်ကုန်းဆိုတာက အကြမ်းဖက်စစ်တပ်က အဲဒီကုန်းပေါ်ကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အမြဲထုနေတဲ့နေရာလေ။ အခုလည်း လေယာဥ်တွေ ပျံဝဲနေပြန်ပြီ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကရင်ပြည်နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေရှိရာ နေရာတွေကို မြေပြင်ထိုးစစ်ဆင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တော့ဘဲ လေကြောင်းအားကိုး ခြိမ်းခြောက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကိုသာ လုပ်ဆောင်နိုင်တော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။