ကျနော်တို့ အပေါ့သွားတာအလေးသွားတာက အစ အနောက်ကနေ သေနတ်နဲ့ထောက်ပြီး တကောက်ကောက်လိုက်နေတာ။ အစားအသောက်ဆိုလည်း ပဲဟင်းတွေမှာ ပိုးတွေပါနေတာငါးတွေဆိုလည်း မကျက်ဘဲ သွေးတွေနဲ့ အဲ့လိုတွေကျွေးတာပါတဲ့ ဒါက စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပြီး ကံကောင်းစွာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုမြင့် (အမည်လွဲ) ရဲ့ပြောကြားချက် ဖြစ်ပါတယ်။

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။

သေနတ်ထောက်ပြီး ဖမ်းသွားကိုးလို့ ကိုမြင့်က ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့မှာ ကိုမြင့်ဟာ စစ်သားစုဆောင်းဖို့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အုတ်ဖို ထွေအုပ်ရုံးကို ပို့ဆောင်ခံလိုက်ရပါတယ်။ 

အုတ်ဖိုထွေအုပ်ရုံးမှာ ကိုမြင့်လိုပဲ ဖမ်းဆီးခံထားရသူက အားလုံးပေါင်း ၃၇ ယောက် ရှိပါတယ်။ နောက်မှ ပြန်ကြားရတာက အုတ်ဖိုခရိုင်တစ်ခုလုံးစာ စစ်မှုထမ်းဖို့ ဖမ်းခေါ်လာတာတဲ့။ 

ကျနော်ကတော့ အုတ်ဖိုက ထွေအုပ်ရုံးမှာ ၁၅ ရက်လောက် ဖမ်းခံထိထားတယ်။ နောက်မှ ရောက်တဲ့သူတွေက တချို့ကလည်း ၃ ရက်လောက်ပဲ နေရတယ်။ တချို့ကလည်း ၇ ရက်လောက်ပေါ့။ ၃၇ ယောက် ပြည့်တာနဲ့ သာယာဝတီ ၃၅ တပ်ရင်းကို ပို့တယ်လို့ ကိုမြင့်က ဆိုပါတယ်။

အဲ့လိုနဲ့ ကိုမြင့်အပါအဝင် လူငယ် ၃၇ ယောက်ဟာ သာယာဝတီ ၃၅ တပ်ရင်းကို ပို့ဆောင်ခံလိုက်ရပြန်ပါတယ်။

၃၅ တပ်ရင်းကို ရောက်တာနဲ့ သွေးစစ်ပြီး ဆေးကျတာနဲ့ အိမ်ပြန်ပို့ပေးမယ်။ ဆေးအောင်ရင်တော့ စစ်သင်တန်း တက်ရမယ်လို့၃၅ တပ်ရင်းက စစ်သားတွေက ပြောပေမယ့် ဆေးစစ်တဲ့ ရလဒ်အဖြေစာရွက်ကို မတွေ့ရသလို ဆေးအောင်၊ မအောင်ကိုလည်း ဘယ်သူကမှ မပြောပြဘူးလို့ ဆိုပါတယ်။

ဆေးစစ်နေစဉ် အတောအတွင်းမှာလည်း ဆေးအောင်ရင် သင်တန်း ၃ လတက်ရမှာ ဖြစ်ပြီး သင်တန်းတက်နေတဲ့ ကာလအတွင်းမှာ တစ်လကို ပိုက်ဆံ ၂ သိန်း ၄ ထောင် ရမယ်၊ သင်တန်းအောင်တာနဲ့ လစာတိုးကာ  စစ်မှုထမ်း၂ နှစ် တာဝန်ထမ်းဆောင်ပြီးရင်တော့ ရွာပြန်ပို့ပေးမယ်လို့ မက်လုံးပေးပြောဆိုမှုတွေလည်း ကိုမြင့်တစ်ယောက် ကြားခဲ့ရပါတယ်။

ကိုမြင့်ကကျနော်တို့ အပေါ့သွားတာ၊ အလေးသွားတာကအစ အနောက်ကနေ သေနတ်နဲ့ထောက်ပြီး တကောက်ကောက်လိုက်နေတာ။ အစားအသောက်ဆိုလည်း ပဲဟင်းတွေမှာ ပိုးတွေပါနေတာ၊ ငါးတွေဆိုလည်း မကျက်ဘဲ သွေးတွေနဲ့ အဲ့လိုတွေ ကျွေးတာပါ။ မနေနိုင်တဲ့ သူတွေကတော့ စားရတာပေါ့လို့ ဆိုပါတယ်။

ဖမ်းခေါ်ခံရသူတွေမှာ စိတ်မနှံ့သူတွေနဲ့ အမြင်အာရုံကွယ်နေတဲ့သူတွေလည်း ပါဝင်နေတာကို ကိုမြင့်တစ်ယောက် အံ့ဩစွာ တွေ့ခဲ့ရပါတယ်။

မျက်စိမမြင်တဲ့ သူက ညဘက်ဆို လျှောက်စမ်းပြီးတော့ ဟိုသွား ဒီသွား သွားတတ်ကြတယ်။  မြင်ရတာမှ မဟုတ်တာ ဒီလိုပဲ လိုက်သွားတာပေါ့။ သူတို့ (စစ်သား) တွေ တွေ့တာနဲ့ ရိုက်နှက်နေကြတာပါပဲ

နောက်တစ်ရက်မှာလည်း စစ်မှုထမ်းဖို့ကို ကိုယ့်သဘောနဲ့ကိုယ် တာဝန်ထမ်းဆောင်တာပါဆိုပြီး လက်မှတ်တွေ ထိုးခိုင်းပြန်ပါတယ်။

သူတို့ (စစ်သား) အပြောကတော့၂ နှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး လက်မှတ်ထိုးရမယ့်စာမှာ ဖတ်ကြည့်လိုက်မှ ၅ နှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုတာကို ကိုမြင့် သိလိုက်ရပါတယ်။

ဒါပေမယ့်လည်း ကိုမြင့်တစ်ယောက် လက်မှတ်ထိုးခဲ့ရပြန်ပါတယ်။နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး

နေမကောင်းဖြစ်ရင် ကုသဖို့ ဆရာဝန်ရှိပေမယ့် တကယ်နေမကောင်းဖြစ်တဲ့အခါမှာတော့ ဆေးထိုး၊ ဆေးသောက်ဖို့ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရှင်းရပြန်ပါတယ်။

စစ်မှုထမ်းသင်တန်းတက်ရောက်နေရသူလူငယ်အချို့အား တွေ့ရစဉ်

ကျနော်တို့ အိပ်တဲ့နားမှာ အပေါ့အပါးသွားဖို့ ပုံးတွေ ထားထားပေးတယ်။ အဲ့ဘေးမှာပဲ ထမင်းစား ပန်းကန်တွေ ထားတဲ့ ပုံးရှိနေပြန်ရောလို့ ကိုမြင့်က ဆိုပါတယ်။ 

ဒီလိုနဲ့ပဲ ကိုမြင့်တစ်ယောက် သာယာဝတီ ၃၅ တပ်ရင်းမှာ ၁၉ ရက်ကြာ စစ်သင်တန်း တက်ခဲ့ရပြီး တောင်ငူ တပ်မ ၆ ကို ထပ်မံအပို့ခံလိုက်ရပြန်ပါတယ်။

တောင်ငူတပ်မ ၆ ကို ရောက်တာနဲ့ ပါလာတဲ့ဖုန်းတွေ၊ အဝတ်အစားတွေ၊ အိမ်က ထည့်ပေးလိုက်တဲ့ပိုက်ဆံတွေကိုပါ အကုန်သိမ်းပြီး ပုဆိုး၂ ထည်နဲ့အင်္ကျီ ၁ ထည်သာ ထုတ်ပေးတယ်လို့ ဆိုပါတယ်။

အိမ်က ၅သောင်းလွှဲပေးရင် သူတို့အကုန်သိမ်းတယ်။ လိုလို့ သွားတောင်းရင် တစ်ခါတောင်းရင် တစ်ခါ အဆဲခံရတယ်။ ပြီးတော့ ပေးတော့လည်း ၁၅၀၀၊ ၂၀၀၀”။

တစ်လပြည့်ရင် ပေးမယ်ဆိုတဲ့ ၂ သိန်း ၄ထောင်ကလည်း စစ်ဝတ်စုံဖိုး၊ ဖိနပ်ဖိုး၊ ထမင်းစားရိတ် ဆိုပြီး စစ်တပ်ကနေ ပြောထားတဲ့ အတိုင်း ငွေထုတ်ပေးခဲ့တာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုမြင့်တစ်ယောက် ဘာပြန်ပြောနိုင်မှာလဲ။

နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး”။

သင်တန်းပြီးရင် ရွာပြန်ရမယ်ဆိုတဲ့ စိတ်နဲ့ ကိုမြင့်တစ်ယောက် အံကြိတ်ခံနေပေမယ့် မျက်မြင် တွေ့လိုက်ရတာကတော့ သင်တန်းပြီးသူတွေကို ကားတွေနဲ့ လာခေါ်ပြီး ရှမ်းမြောက်ဘက်ကို ရှေ့တန်း ပို့နေတယ်ဆိုတာပါပဲ။

ဒီလိုနဲ့ ကိုမြင့်တို့လည်း ထွက်ပြေးမှ ရတော့မယ်ဆိုတဲ့အသိနဲ့ စခန်းထဲက ကိုမြင့်လို ထွက်ပြေးချင်သူတွေနဲ့ တိုင်ပင်ပြီး ကိုမြင့်အပါအဝင် ၇ ယောက် ထွက်ပြေးဖို့ စီစဉ်ရပါတော့တယ်။

စက်တင်ဘာလ ၂၆ ရက်နေ့၊ ကိုမြင့်တို့အတူတူ ထွက်ပြေးဖို့ တိုင်ပင်ထားသူ ၇ယောက်မှာ ၁ ယောက်က စားဖိုဆောင်က စစ်ဗိုလ်က ခေါ်လို့ ထွက်သွားပြီး ပြန်ရှာမတွေ့တာကြောင့် ထွက်ပြေးတဲ့အစီအစဉ်မှာ ကိုမြင့်အပါအဝင် ၆ ယောက်သာ ကျန်ပါတော့တယ်။

စခန်းကနေ ထွက်ပြေးစဉ်မှာ မိုင်းကွင်းတွေ ဖြတ်ပြေးခဲ့ရပေမယ့်အဲ့အချိန်မှာ ကျနော်တို့ လွတ်ချင်တာပဲ သိတယ်။ မိုင်းတွေ ဘာတွေလည်း ဂရုမစိုက်နိုင်တော့ဘူး။ ကျနော်တို့ ပြေးတဲ့ အချိန်မှာ မိုင်း ၃ လုံး ကွဲခဲ့သေးတယ်လို့ဆိုပါတယ်။

ဒီလိုနဲ့ ကိုမြင့်တို့ ၆ယောက် တစ်ညလုံးပြေးပြီးနောက် တောထဲမှာလည်း  ၅ ရက်လောက်က ထမင်းမစားရဘဲ ငုတ်ထုတ်ထိုင်ခဲ့ရ၊ ဖြတ်သန်းခဲ့ရတာပါ။

အခု အဖွဲ့နဲ့ အဆက်သွယ်မရခင် ကျနော်တို့ ၉ ရက်တိတိ တောထဲမှာပါ။ ၅ ရက်လောက်က ထမင်းမစားရဘူး။ သူတို့ (စစ်တပ်) က တောနင်းရှာနေတာဆိုတော့ ဘယ်မှလည်း မသွားရဲဘူးလို့ ကိုမြင့်က ဆိုပါတယ်။

တောထဲမှာ ၁၀ ရက်နီးပါး ကြာပြီးနောက်မှာတော့ ကံကောင်းစွာနဲ့ ကိုမြင့်တို့ ၆ ယောက် တော်လှန်ရေးထောက်ပို့တွေနဲ့ ဆုံခဲ့ရပါတယ်။

လက်ရှိမှာတော့ ကိုမြင့်တို့ ၆ ယောက်စလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () ထံမှာ ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေးကိုဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

အထဲက လူမှန်သမျှကတော့ ထောင်သားတွေလိုပါပဲ။ ထောင်သားတွေတောင်မှ မိသားစုတွေနဲ့ ဧည့်တွေ့ခွင့်ရသေးတယ်။ ကျနော်တို့က ဖုန်းလည်း မပြောရဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ရဘူး။ ထောင်သားကမှ ကိုယ့်ထက်စာရင် ပိုပြီး လွတ်လပ်ဦးမယ်လို့ ကိုမြင့်က သူ့ရဲ့ အတွေ့အကြုံတွေကို မောင်းကို ပြောပြခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

စစ်တပ်အလိုကျ အားရပါးရ ကပြနေတဲ့ အုပ်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ပါ ရင်ဆိုင်နေရတဲ့ နွေဦးတော်လှန်ရေး

ဒီရက်ပိုင်းအတွင်း ကိုးကန့်တပ်မတော် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားပြီး မြန်မာပြည်တွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေကို ဖိအားပေးသလို ကိုးကန့်တပ်တွေလည်း လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီသတင်းတွေနဲ့…
Read More

ဟန်ပြအရေးယူမှုတွေကြား လုံခြုံရေးအထပ်ထပ်နဲ့ တိုးချဲ့လာနေတဲ့ ကျားဖြန့်လုပ်ငန်းများ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဟန်ပြတားမြစ်မှုတွေ၊ သတိပေးမှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ ဒီရာဇဝတ်လုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။