စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ရဲ့ ဘာသာရပ် အစီအစဉ်မှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
သံအမတ်ကြီးက ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဆိုင်ရာ ဆွေးနွေးမှုမှာ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် အရေးပေါ်အထောက်အပံ့ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်းအောက်မှာ နေထိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ကလေးငယ်တွေရဲ့ (၅၅) ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး ၅၀၀,၀၀၀ နီးပါးဟာ ၂၀၂၄ ခုနှစ်အတွင်း အလွန်အမင်း အာဟာရချို့တဲ့မှုကို ခံစားရမယ်လို့ ခန့်မှန်းထားပြီး၊ မနှစ်ကထက် (၅၄) ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သံအမတ်ကြီးက အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုဟာ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေအတွက် နောင်နှစ်ပေါင်းများစွာအထိ သက်ရောက်မှုဖြစ်စေတာကြာင့် မိမိတို့ရဲ့ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက် အ ကောင် အထည်ဖော်ရေးမှာ “Leaving no one behind” ကို ထိခိုက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ကိန်းဂဏန်းအချက်အလက် တွေကို ပြောကြားရတာကို လွန်စွာစိတ်မကောင်းပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဓမ္မဓိဋ္ဌာန်ကျကျ သိရှိစေလိုတာကြောင့် ဆက်လက်ပြောကြားတင်ပြနေရဦးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။