ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ ၂ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ချီဖွေမြို့နယ်ရှိမြန်မာ-တရုတ်နယ်စပ်မြို့ ပန်ဝါကို အောက်တိုဘာ ၁၈ရက် ညပိုင်း၌ သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းမှာ ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
လိုင်ဇာအနီး လမိုင်ယန်ရွာဘက်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လည်း သိရပါတယ်။
စစ်ကောင်စီက တရုတ်နယ်စပ် လိုင်ဇာအနီးကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံဘက်ကလည်း မီးကျည်များပစ်ခတ်ပြီး ပြန်လည်သတိပေးမှုအချို့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လိုင်ဇာဌာနချုပ်အနီး ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး KIA ဘက်ကတော့အတည်ပြု ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
KIA က ချီဗွေမြို့နယ်ရှိ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ ပန်ဝါဒေသကို မနေ့က အောက်တိုဘာ ၁၈ ရက်နေ့ညပိုင်းမှာအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိမိကာ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိမိခဲ့ပါတယ်။
