ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
ကြို့ပင်ကောက်မြို့နယ် ၊ မီးကောက်ပင်အုပ်စု ၊ ဒိုးနွယ်ရွာမှာ နေထိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးရဲ့နေအိမ်ကို အောက်တိုဘာလ ၁၅ ရက် မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရာအိမ်မှူး ထွန်းထွန်း ကောက်ယူထားတဲ့ သန်းခေါင်စာရင်းတွေနဲ့ လေသေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ကျန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုတော့ ရာအိမ်မှူးရဲ့ ဇနီးနဲ့ သားသမီးတွေဆီကို တော်လှန်ရေးရဲဘော်တွေက ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားအပြီး ဘော်ဘင်ရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေက တော်လှန်ရေးတပ်ဖွဲ့တွေနောက် လိုက်လာတာကြောင့် မီးကောက်ပင်ရွာထိပ် ဗျူဟာလမ်းမှာ တော်လှန်ရေး ရဲဘော်တွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ (Dragon Brothers GBK) ၊ တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ (၃) (နတ်စစ်သည်) နဲ့ BTZM (GBK PDF) ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
