စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၇ရက်၊ ဒီနေ့မနက်ပိုင်းမှာ မြင်းမူမြို့ပေါ် ရဲစခန်းနဲ့ အထက ၁ ကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိနစ် ၂၀ ကျော်ကြာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ စခန်းအတွင်းကနေအပြင်မထွက်ရဲဘဲ ၄၀မမ၊ ၆၀မမ၊ RPG(R12)၊ MA(2)စက်လက်တွေနဲ့ပဲ ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကား၈စီးနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် နယ်မြေအနေအထားအရ အတိအကျစာရင်းကို မသိရသေးဘူးလို့လည်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF နဲ့အတူ Dog Killers People’s Defence Force Myinmu (DKPDF-MMU) နဲ့ စစ်ကိုင်းမြို့နယ်တိုက်ခိုက် ရေးတပ်ခွဲ(၂)တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – မြင်းမူမြို့နယ် မစ်ရှင်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ
