မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၄ ရက် မနေ့က ရေစကြိုမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို မနက်ပိုင်းမှာပဲ ပညင်းကျေးရွာနဲ့ ကံသစ်ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ကံသစ်ကျေးရွာနဲ့ ကြည့်ကန်ကျေးရွာကြားအရောက် နောက်ထပ်တစ်ကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ ကံသစ်ကျေးရွာက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားပြီးနောက် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်)