စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
(၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီရဲ့ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)” အထွေထွေဆွေးနွေးမှုအစီအစဉ်မှာသံအမတ်ကြီးကနိုင်ငံတကာကိုအခုလိုပြောကြားလိုက်တာပါ။
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် ထိုက်တန်တဲ့နေရာဟာ တရားရုံးတွေနဲ့ ခုံရုံးတွေရှေ့မှောက် အပြစ်သားတွေအဖြစ်သာ ရှိသင့်ကြောင်း သံအမတ်ကြီးကဆိုပါတယ်။
စစ်ကောင်စီနဲ့ ထိုက်တန်သောနေရာတွေဟာ လွှတ်တော်တွေ၊ သမ္မတအိမ်တော်တွေမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေ သို့မဟုတ် ခုံရုံးတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အတုအယောင် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင် နိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်ကောင်စီကို မသမာတဲ့ ရွေးကောက်ပွဲတွေကတဆင့် ခေါင်းဆောင်တွေအဖြစ် လှည့်ဖြားခွင့်ပြုခြင်းဟာ လူသားဆန်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအုတ်မြစ်တွေကို ပျက်ရယ်ပြုခြင်းပင် ဖြစ်ပါကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုပါတယ်။
စစ်ကောင်စီရဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုဥပဒေဆိုးရွားစွာချိုးဖောက်မှုအဖြစ်သာမကလူသားဖြစ်တည်မှုရဲ့အနှစ်သာရကိုပျက်ယွင်းစေတယ်လို့ရှုမြင်ကြောင်း၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ပျက်ကွက်တဲ့အခါမှာထိခိုက်နစ်နာသူတွေအပေါ်မှာသာပျက်ကွက်ခြင်းမဟုတ်ဘဲကိုယ်ပိုင်လူသားဆန်မှုကိုပါပျက်စီးစေခြင်းဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဆိုတာကို သက်သေ အထောက်အထားတွေနဲ့ တွေ့မြင်နိုင်ပြီဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
