အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ ၎င်းရဲ့မဟာမိတ် တရုတ်ရဲ့အကူအညီနဲ့ ရွေးကောက်ပွဲသစ်တရပ်ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့အလျှောက် နိုင်ငံအနှံ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေတာလည်း ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမမှန်ကန်ဘူးလို့ ခိုင်လုံတဲ့အထောက်အထား မရှိဘဲ စွပ်စွဲခဲ့ပြီး ၂၀၂၁ မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ အတိုက်အခံတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်တော်လှန်ရေး အရှိန်ရလာတာနဲ့အမျှ စစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပြီး၊ ထိန်းချုပ်နယ်မြေ အမြောက်အမြား လက်လွတ်ဆုံးရှုံးလာရသည့်တိုင် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲအသစ် ပြုလုပ်နိုင်မယ်လို့ ပြောဆိုနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်သေးကြောင်း နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားမျှတမှုရေးရာ အမေရိကန် သံအမတ်ကြီး Beth Van Schaack က သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ AFP က သတင်းဖော်ပြထားပါတယ်။
ဘယ်လို ရွေးကောက်မှုမဆို “သူတို့ (စစ်တပ်) ကို အာဏာရစေမယ့် ရွေးကောက်ပွဲတခုပါပဲ” လို့ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတို့ကို တုံ့ပြန်မှုတွေအတွက် အမေရိကန်အစိုးရကို အကြံပေးတဲ့ ဒေါက်တာ Van Schaack က ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ နေရာတိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတာကြောင့် “တရားမျှတဖို့ မပြောနဲ့၊ ရွေးကောက်ပွဲကို စီမံခန့်ခွဲဖို့ နေနေသာသာ၊ ထောက်ပံ့ပို့ဆောင်ရေးကိစ္စတွေကိုတောင် ဘယ်လို စီစဉ်မလဲဆိုတာ စိတ်ကူးကြည့်ဖို့ ခဲယဉ်းပါတယ်” လို့ သူမက ဆိုပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာက အောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ကို ကြိမ်ဖန်များစွာ နောက်ဆုတ်ခဲ့ပြီးတဲ့နောက် ယခုနှစ်မတ်လမှာတော့ ပဋိပက္ခတွေကြောင့် နိုင်ငံတဝှမ်းလုံး ရွေးကောက်ပွဲကို တခါတည်းမဟုတ်တောင် အပိုင်းလိုက် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ်အတွင်းမှာ ဖျက်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအသစ်ကျင်းပဖို့ စစ်တပ်ရဲ့အစီအစဉ်ကို ထောက်ခံပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာပြည်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဂိုအနေအထား ပြန်လည်ရောက်ရှိဖို့ ပေကျင်းအနေနဲ့ ထောက်ခံကြောင်း တရုတ်ရဲ့ရပ်တည်ချက်ကို ပေါ်ပေါ်ထင်ထင်ပဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
News/Photo-TheStraitsTimes/AFP
