ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
အောက်တိုဘာ ၉ ရက်၊ ညနေပိုင်းအချိန်ကစလို့ ရေတာရှည်မြို့နယ်ထဲက ရွှေသောင်ရွာဟောင်း၊ သစ်နံ့သာနဲ့ ရွာသာယာရွာတို့ကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ကျွန်းတောကုန်းနဲ့ နှောပင်ကျေးရွာထဲကို ဒရုန်းတင်ဆောင်လာတဲ့ ကားနဲ့ ဝင်ရောက်ပြီး မိချောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာဟောင်းဆီ Drop Bomb တွေအရင်ဆုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အထက်ပါ ဗုံးသီးတွေက ရွှေသောင်ရွာဟောင်းမှာနေထိုင်တဲ့ ဦးသန်းလွင်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဦးသန်းလွင် အပါအ၀င် လူ၃ယောက်ကိုထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီက သစ်နံ့သာရွာ စည်ပင်ကျောင်းအနီးကို ဗုံးသီးတွေ ထပ်မံကြဲချခဲ့ရာ နေအိမ် ၁လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ရွာသာယာရွာ ရေစင်အနီးကိုလည်း ဗုံးသီးတွေကြဲချခဲ့တဲ့အတွက် ကလေးငယ် ၁ယောက် လက်မောင်းထိမှန်ခဲ့တယ်လို့ Yedashe Township Information က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညပိုင်းမှာလည်း ရွှေသောင်ရွာဟောင်းကို ဒရုန်းနဲ့ ဗုံးသီးတွေထပ်မံကြဲချခဲ့သေးတယ်လို့သိရပါတယ်။
ရေတာရှည်မြို့နယ်ထဲ အခုလိုမျိုး အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေရှိလာတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ ပေါက်ကွဲသံတွေ၊ ကောင်းကင်က ပန်ကာဒလတ်သံတွေကြားရပြီဆိုရင် မိမိတို့နေအိမ်ထဲက လုံခြုံစိတ်ချရတဲ့ နေရာတွေမှာပဲ နေထိုင်ကြဖို့နဲ့ ကလေးသူငယ်တွေကို လမ်းပေါ် လွှတ်မထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ချောင်းမကျည်းဆည်နားမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ယောက်ကို ပစ်သတ်ပြီး ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
