ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူ;ဇာရ်နဲ့ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်တို့ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ်ထားသည့် ဥပဒေများကို ပြည်သူများ လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားရန်၊ ချမှတ်ထားသည့် ဥပဒေများကိုလည်း မိမိတို့ကိုယ်၌ လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားရန် လိုအပ်တယ်“လို့ ပြောကြားခဲ့ကြောင်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) သင်တန်းကာလမှာ ၄ လကျော်ကြာမြင့်ခဲ့ပြီး ဘာသာရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာတွေနဲ့ CDM ရဲတွေက သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းမှာတော့ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးအခြေခံမူတွေ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာတွေ၊ သက်သေခံဥပဒေတွေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေနဲ့ အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်တွေ စတာတွေကို သင်ကြားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းမှာ သင်တန်းသား အယောက် ၉၀ ၊ သင်တန်းသူ ၄၅ ယောက် စုစုပေါင်း သင်တန်းသူ/သား (၁၃၅) ယောက် တက်ရောက်အောင်မြင်ခဲ့ပြီး တအာင်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်သွားနိုင်အောင် သက်ဆိုင်ရာ ခရိုင်တွေနဲ့ မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ The Ta’ang Post)